မောင်းပြန်ကျည်ဆန်ကြားမှာ ..........
ဒေါင်းအလံဟာ လွင့်ပြန်.ဆဲပါ။

Monday, March 15, 2010

ကြိုက်နှစ်သက်မိသောကဗျာ များ

ကောင်းကင်ရှိုက်သံ

ငါ့ကို ချစ်ခဲ့သော..ငါ့ကိုပစ်ခဲ့သော...
ငါ့ကိုအပြုံးချွေခဲ့သော..ငါ့ကိုအမုန်းဝေခဲ့သော...
ငါ့ကိုအကြင်နာပေးဝေခဲ့သော..ငါ့ကိုနာကျင်ဆွေးစေခဲ့သော...
ငါ့ကိုအပျောက်မခံခဲ့သော..ငါ့ကိုကြောက်ကန်ခဲ့သော...
ငါ့ကိုတမ်းတခဲ့သော..ငါ့ကိုနန်းချခဲ့သော...
ငါ့ကိုဖန်ဆင်းခဲ့သော..ငါ့ကိုခံပြင်းခဲ့သော...
ငါ့ကိုငဲ့ကွက်ခဲ့သော..ငါ့ကိုကဲ့ရဲ့ခဲ့သော...
ငါ့ကိုမြတ်နိုးခဲ့သော..ငါ့ကိုအထပ်ထပ်ဆိုးခဲ့သော...
ရင်ဘတ်ထဲက အနာရွတ်လေးရေ...
ငါပေးခဲ့တဲ့"ကြင်နာမှု" တွေအတွက် နင်ပြန်ပေးခဲ့တဲ့..
"နာကျင်မှု" တွေက ...ရက်စက်လွန်းပါတယ်...
ငါဒီလိုကြေကွဲနေတာ ..နင်သိခဲ့ရင်..
...................
ပြည့်ဝချင်တဲ့ နင့် ရဲ့ညတွေအတွက်
ငါ့သောကမိုးတိမ်တွေ ဖြိုချခဲ့တယ်....
ရွှေရံများစွာနဲ့ ကခုန်ချင်တဲ့ နင့်ရဲ့တေးသွားတွေအတွက်
ငါ့မျက်ရည်တွေ ကြယ်တွေအဖြစ်ရံပေးခဲ့တယ်..
ကြဲဖြန့် ချင်တဲ့ နင့် ပန်းကုံးတွေအတွက်
ငါ့သက်ပြင်းတွေ နဂါးငွေ့ တန်းအဖြစ်ဖန်ဆင်းခဲ့တယ်..
အနှောက်ယှက်ကင်းကင်း နင်အလှစီးချင်းထိုးဖို့ 
ငါ့ကတ္တီပါညနေခင်းတွေ ရုပ်သိမ်းခဲ့တယ်..
ပူပန်တတ်တဲ့ နင့်အတ္တတွေအတွက်
ငါ့မာနမိုးကြိုးတွေ အနင်ခံပြီးမျိုချခဲ့တယ်..
အပျင်းပြေသက်သက် နင့်အပြုံးလေးတခုအတွက်
ငါ့ရင်ဘတ်ကိုခွဲပြီး ဥက္ကာပျံတွေကျဲခဲ့တယ်..
လူတွေအားလုံး နင့်ကိုတောင့်တနေဖို့ 
ငါ့ကိုငါ အမှောင်တွေ ချချနေခဲ့ရတယ်..
နင်ဖြိုဖျက်သမျှ ပြိုပျက်ခဲ့ရတဲ့ဘဝ..
နင်ဖျက်ဆီးသမျှ ပျက်ဆီးရတဲ့ဘဝ..
နင်ဖျောက်ဖျက်သမျှ ပျောက်ပျက်ခဲ့ရတဲ့ဘဝ..
နင်ရက်စက်ခဲ့သမျှ အရာရာ လက်မဲ့ ခဲ့ရတဲ့ဘဝ...
အဲဒီညညတွေမှာ......
နင့် ရဲ့အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့ 
ငါ့ရဲ့ ပစ္စုပ္ပန်တွေ ဆုတ်ဖြဲပြီး တောင်ပံတွေတပ်ပေးခဲ့တာ
ငါ့ရဲ့ ပျံသန်းမူ့ လွဲချော်ခဲ့တာလား..
နင့်ကမ်းပါးတွေပြိုမကျအောင် ငါ့စွမ်အားတွေမြိုချလိုချ
နင့်လမ်းတွေဖြောင့်စင်းဖို့ ငါ့အလွမ်းတွေဆောင့်နင်းခံလိုခံ
နင်ကလေ....
ငါ့ကောင်းကင် အိုဇုန်းလွှာအထက်က
တရွဲရွဲ တစက်စက်လင်းနေတဲ့ လမင်းပါ..
နင် တဝင်းဝင်းလင်းလက်နေသမျှ....
ငါ..လေ...တစ်စ..တစ်စ...မှောင် ..ကျ...နေ..ရ..တယ်...။
...........................................

ပန်းသီးတစ် လုံးကျကွဲချင်း
ချစ်ခြင်းတွေကပဲ ကန်းစေခဲ့တာလား
မြတ်နိုးခြင်းတွေကပဲ ဆွံ့အစေခဲ့တာလား
ဘယ်ဘက်ရင်အုံတည့်တည့်က မြားချက်
ကြေကွဲခြင်းတွေ တစ်စက်စက်ကျမှ....

လောကဓံက ခင်းပေးတဲ့ဖျာတစ်ချပ်မှာ
ကံပစ်ချလိုက်သလို အနေအထိုင်မတတ်
သူမ ကြည့်တတ်သလို လိုက်ကြည့်ဖို့ကြိုးစားရင်း
ရင်ဘတ်ကနွေးနေသလောက်
ကြောင့်ကြမူတွေက ကျောပြင်မှာနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လို့...

သံယောဇဉ်ဆိုတာကလဲ
ကိုယ်တိုင်လောင်ကျွမ်းပြီး
ကြွေမကျခင်အထိ လမ်းပြနေချင်တဲ့
ကြယ်တစ်စင်းလို ..
မရေရာတဲ့ ဆုတောင်းခြင်း သက်သက်
နားလည်မူတွေကို ပက်ချင်နဲ့သောက်နေရတဲ့အဖြစ်...

လိပ်စာရှာနေတဲ့ မြားဦးမှာ...
အချစ်ကိုမင်းဝတ်တန်ဆာလို
ပိုင်ဆိုင်မူအတွက်
ရာမယဏက ဒဿဂီရိကို ပစ်တဲ့မြား
အာဃာတအငြိုးနဲ့
တာဝန်တစ်ခုအတွက်
သောနုတ္တရကမင်း ဆဒ္ဒန်ကိုပစ်တဲ့မြား
အပျင်းပြေကစားရင်း
အမြင်လေးတစ်ချက်မှားတဲ့အတွက်
ပဠိယက္ခက သုဝဏ္ဏသျှံကိုပစ်တဲ့မြား
ရယူပိုင်ဆိုင်လိုတဲ့
တက်မက်ခြင်းအတွက်
ဗြဟ္မဒတ်မင်းက စန္ဒကိန္ဒရီကိုပစ်တဲ့မြား .....
ပစ္စည်းမဲ့တစ်ယောက်ရဲ့
အလင်းလက်ဆုံးတောက်ပမှုဟာ
ဂုဏ်သိက္ခာပါးပါးလေးပါ ....
တစ်စစပြိုကွဲလာတဲ့ အခန်းငယ်လေးထဲက
အက်ကြောင်းရာတွေရေတွက်ရင်း
သူမနဲ့ ကျနော် စီးချင်းမှာ
စံအိမ်ကို စိန်နဲ့ မွှမ်းပေးချင်တဲ့ အချစ်က
ကိုယ့်ရင်ဝ စိုက်မဲ့မြား
ကိုယ်တိုင် နှလုံးသားတဲ့တဲ့မှာ
ကိုင်ပေးထားခဲ့တဲ့အဖြစ်
ဒီနေ့ထက်ထိသူမ မသိခဲ့တာလား
ဒါမှမဟုတ်....
သူမ မပစ်ခဲ့ပါဘူးလို့ ပြောနေမလား...
ကျနော့် ရင်ဝမှာတော့ မြားတန်းလန်းနဲ့လေ...။

.................................

အပျိုကြီးမမ

နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ

အရွယ်တော် တစ်ဆိတ်ဟိုင်းပြီမို့

စိတ်တိုင်းကျ တွေ့မယ်မထင်။

မတန်မှ ရွေးလှချည်ရဲ့

ကံပေးလျှင် လိုရာရောက်လိမ့်မပေါ့

ဖောက်စရာ မာန်ကိုယုံလို့

ကြောင်းမဆုံ နှောင်းပုံအလုပ်ကယ်နှင့်

ခေါင်းသုံးလျှင် ရောင်းကုန်ပုပ်မှဖြင့်

(ခင်ရယ်) ကောင်းကောင်း မဟုတ်ချင်…။

ရမလို လိုတာမရတာနှင့်

မအပျို ကိုယ်မှာ သ,တော့မဟဲ့လို့

အိုကာမှ တန်ဆာဆင်

သြော်… ဇရာအသွင်ဟာမို့ မြင်သူမုန်း။

ဈေးမကွဲခင်

ကြေးနည်းတာ မမြော်မြင်နဲ့တော့

ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ

ကုန်ကောင်းဆို အမြန်မနှင်လို့

အမှန်ပင် ရက်ကြာလို့ နှေးတော့ကမ

လျှော့ဈေးလေလံဆိုင်၌

ဈေးမကိုင် အနိုင်ထုတ်ရတော့

ရေးမသာ ဆွေးကာစုတ်တယ်

အိုကွယ်… ကြေးယုတ်လို့ရှုံး။

မဟာဂီတ ဦးပြုံးချို ရဲ.ကဗျာလေးပါ
........................

သူ့အသွင်

မျက်ဝန်းထဲက ပုံရိပ်တစ်ခု
စိတ်အစဉ်မှာ ဖိတ်စင်သလို
ချစ်သူ့အသွင် ဟပ်ထင်နေလို့
နေရာတိုင်းမှာ စိတ်လှိုင်းထတယ်

လေပြည်အကြား ယှက်နွယ်ကစားလို့
ခေါင်းလေးအငဲ့ ဆံနွယ်အလွင့်မှာ
မျက်နက်ဝန်းရဲ့ အကြည့်တစ်ချက်အောက်
ငါ .....စီးမျောသွားတယ်

ပါးနှစ်ဘက်ပေါ် အလှတင့်အောင်
ထပ်ဆင့်တင်ကာ ပေါ်လွင်နေတဲ့
သူ့ပါးမို့က ပါးကွက်ကလေး ..
သင်းရနံ့က ပျံ့လွင့်နေတော့
ယိမ်းယိုင်စွာ မူးငိုင်ကျပေါ့

ပျိုမဒီရယ် ....
အလျင်စလို မဟုတ်ပေမယ့်
လျင်မြန်သလို ခလုတ်တိုက်တာတွေ,
ယဉ်တစ်ကိုယ်သာ သွယ်လျတာမို့
သူမတူကာ လှသွေးကြွယ်တဲ့
ချစ်စရာ့ရုပ်သွင် ကြည့်နေရင်းနဲ့
သိပ်ချစ်မိတယ်...

ရောင်နီပျောက်လု ဆည်းဆာလေးမှာ
ရှက်သွေးဖြာ သူ့မူရာက
စာဖွဲ့မမီ နတ်ပန်းချီရှုံးတော့
ဒီရင်မှာ ဟာရပြန်ပေါ့

အပြောချိုတွေ ပွင့်အန်ကျတဲ့
နှုတ်ခမ်းပါးရဲ့ ပွင့်လွှာထဲမှာ
ခိုကပ်နေတဲ့ သွားတက်ကလေးတွေ
အပြုံးတစ်ဝက်မှာ ပုန်းရက်သလို
ကွယ်ဝှက်နေတယ်

ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား

ရာသီတစ်ခွင် လှည့်ငင်ယူတဲ့
နွေမိုးဆောင်းလို ...
ပြောင်းလဲခြင်းနောက် ခေါ်ဆောင်လိုက်တဲ့
အသက်အပိုင်း အရွယ်ဟိုင်းတောင်
တန်ဘိုးထားကာ ရိုးသားစွာ
ချစ်မယ့်... ကြင်ဖေါ်လေးကို

ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ် ...

နားလည်မှုတွေ ဆောင်ကျဉ်းထားရင်း
ချစ်သူ့လိုအင် ငြူစူမနေ
အပူသာ ငြိမ်းအေးစေတဲ့
အတွင်းသဘော မြတ်စိတ်ထားကို
ယုံကြည့်စိတ်ချ လက်ရှိဘ၀မှ
နောင်အနာဂတ်သည် သာယာလမ်းဆီ ..။

2 comments:

  1. တော်လိုက်တဲ့ကဗျာဆရာ....... လူပျိုကြီးများတော့မ ရေးဘူး...တရားကျတယ်..

    ReplyDelete
  2.း) အော် သူကအပျိုကြီးဖြစ်ကြောင်းလာကြွားသွားတာကို

    ReplyDelete